လောကမိခင်ပညာဒါနကျောင်း ဖြစ်ပေါ်လာပုံ

Wednesday, January 1, 2014

ဘုရားရှင် ချေချွတ်ပါလျက် သတ္တဝါတွေဘာကြောင့်မကုန်နိုင်တာလဲ



မေး။ ။အရှင်ဘုရား၊ တပည့်တော်တို့၏ ဗုဒ္ဓဘာသာပန်းတိုင်သည် နိဗ္ဗာန် ဖြစ်ပါသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြု သွားကြသူများမှာလည်း များပြားလှပါသည်။ ဤသို့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူများ များပြားလှသော်လည်း သုံးဆယ့်တဘုံတွင် သတ္တ၀ါများ ကုန်သည်ဟူ၍ မရှိပါ။ လူ့ဘုံတွင်လည်း လူ့ဘုံအလျောက်၊ နတ်ဘုံတွင်လည်း နတ်ဘုံအလျောက်၊ တိရစ္ဆာန်ဘုံတွင်လည်း တိရစ္ဆာန်ဘုံ အလျောက် မွေးဖွားဖြစ်တည်နေဆဲပင် ဖြစ်သည်။

ဘုရားရှင်တို့သည်လည်း တဆူပွင့်လျှင် တဆူအလျောက် သတ္တ၀ါတို့အား အသင်္ချေအနန္တ ချွတ်သွားသည် သာ ဖြစ်သည်။ နိဗ္ဗာန်ဟူသည်လည်း မျက်မှောက်ပြုပြီးလျှင် သုံးဆယ့်တဘုံသို့ ပြန်လှည့်ရိုးထုံးစံ မရှိတော့ပါ။ ထို့ကြောင့် သုံးဆယ့်တဘုံမှ ဝေနေယျသတ္တ၀ါတို့သည် တချိန်တွင် ကုန်သွားရမည် သာ ဖြစ်သည်ဟု ထင်ပါသည်။

ဤမေးခွန်းကို တပည့်တော်သည် ဗုဒ္ဓဘာသာကို မယုံကြည်၍ မေးခြင်းမဟုတ်ပါ။ မရှင်းလင်း၍သာ မေးခြင်းဖြစ် ပါသည်။ ဥပမာလေးနှင့် ဖြေလျှင် တပည့်တော် ပို၍ နားလည်မည်ထင်ပါသည်ဘုရား၊ အရှင်ဘုရား၏ အဖြေကို တပည့်တော် စောင့်မျှော်နေပါသည်ဘုရား။
(ကျော်မင်းထွန်း-ဒဂုံအရှေ့ပိုင်း၊ ရန်ကုန်)

ဖြေ။ ။ အာကာသစက္က၀ါဠဉ္စ၊ သတ္ထာ ဗုဒ္ဓဂုဏာပိစ။
အနန္တာနာမ စတ္တာရော၊ ပရိစ္ဆေဒေါ န ၀ိဇ္ဇတိ။

အဆုံးအပိုင်းအခြားမရှိသော ရေတွက်ခြင်းငှါ မစွမ်းသာသော အနန္တတရားတို့သည်ကား-

(၁) ကောင်းကင်
(၂) စကြာဝဠာ
(၃) သတ္တ၀ါ
(၄) ဘုရားဂုဏ်တော်-ဟူ၍ လေးပါးရှိ၏။

ဤလေးပါးတို့ကို ဤရွေ့ဤမျှ ဂဏန်းချလျက် ရေတွက်ပိုင်းခြားခြင်းငှါ မတတ်နိုင်ချေ ဟူသော အနန္တလေးပါးအရ သတ္တ၀ါတို့သည်လည်း အဆုံးအပိုင်းအခြားမရှိ၊ မကုန်နိုင် မခန်းနိုင် ဖြစ်ချေ၏။

ဤလောက၌ သတ္တ၀ါဟူသည် မကုန်နိုင်၊ မခန်းနိုင် ဖြစ်၏။ သတ္တ၀ါများတွင် လူဟူသည် အနည်းဆုံးဖြစ်၏။ လူထက် နတ်ဗြဟ္မာများ၊ ထို့ထက် တိရစ္ဆာန်၊ ပြိတ္တာနှင့် ငရဲသူ၊ ငရဲသားများကား အသင်္ချေ အနန္တ ပိုမိုများပြား လှ၏။

မျက်မြင်ပင် လူ့လောက၌ လူဦးရေ သန်းခုနှစ်ထောင်ခန့်သာရှိမည်ဟု ဆို၏။ ပုရွက်ဆိတ်၊ ခြတောင်ပို့တလုံး စာ ပင် မရှိသေးချေ။ ယူဇနာတသောင်း စတုရန်းကျယ်သော အ၀ီစိငရဲကြီး၌ ငရဲသူ ငရဲသားသတ္တ၀ါတို့ သည် ဥပမာအားဖြင့် တောင်းထဲတွင် နှမ်းစေ့များ အပြည့်အကျပ် ထည့်သိပ်ထားသကဲ့သို့ အပေါက်အကြား မရှိ ပြည့်နှက်နေ၏-ဟုဆို၏။

အခြား ငရဲ ကြီး ငရဲငယ်ဘုံဋ္ဌာနတို့မှာလည်း ထို့အတူ ငရဲသားများ အပြည့်ရှိ၏။ လူ့ပြည်မှ လူအများမှာ လည်း ထိုထိုဘုံဘ၀တို့မှ အကုသိုလ်ကုန်လျှင် ရောက်လာကြ၊ တိုးပွားလာကြရ၏။

ဥပမာထင်စွာ ပြောရလျင် မုဆိုး၏ ပိုက်ကွန်မှ လွတ်ထွက်သွားသော ငှက်သည် တကောင် တလေ အနည်းစုလောက် မျှသာ ဖြစ်၍ ပိုက်ကွန်တွင်း၌ မိနေရစ်သောငှက်တို့သည်သာ များပြားသကဲ့သို့ ဘုရားတဆူချွတ်၍ ကျွတ်သောသူ ဟူသည်မှာ သတ္တ၀ါအရေ အတွက်နှင့် နှိုင်းစာလျင် အနည်းစုလောက် သာ ဖြစ်၏။

မကုန်နိုင် မခန်းနိုင်သော သတ္တ၀ါအနန္တဟူသည်မှာ လူ့လောက၌ လျော့သွားသည် ဟူ၍မရှိ၊ အတိုးသာရှိ၏။ ဤသို့ အတိုးသာရှိသဖြင့် နိဗ္ဗာန် မျက်မှောက်ပြုသွားသော ဝေနေယျဝတ္တ၀ါများကြောင့် သတ္တ၀ါများ ကုန်ခန်းသွားလိမ့်မည်ဟု မကြံစည်အပ်ပါကြောင်း သိစေလိုပါသည်။

(ဘဒ္ဒန္တ တိလောကသာရ - ရဝေထွန်း ) ဆရာတော် ဖြေကြားသည်
Credit to ဓမ္မနန်းတော်။

Newer Post Older Post Home

0 comments:

Post a Comment