အမေး။ ။ရိုသေစွာ လျှောက်ထားပါတယ်ဘုရား…
တခါတရံ နေရင်းထိုင်ရင်း သူတစ်ပါးရဲ့ အသားလွတ် စွပ်စွဲစော်ကားဆဲဆိုတာကို
ခံရပါတယ်။ သည်းခံရင် ပိုဆိုးပါတယ်ဘုရား။ ဒီအကုသိုလ်မျိုးဝင်မှာ အရမ်းကြောက်ပါတယ်ဘုရား။
ထိုအကုသိုလ်မျိုးမ၀င်နိုင်အောင် ဘယ်လိုကုသိုလ်မျိုးလုပ်ရမလဲဘုရား။ ဘယ်လို ဂါထာမျိုး
ရွတ်ရမလဲဘုရား။ တပည့်တော်က နေ့စဉ်နေ့တိုင်း ဒါန သီလ အပြင် ပရိတ် ပဌာန်းစတာတွေကိုလဲ
ရွတ်ဖတ်ပါတယ်ဘုရား။ တပည့်တော် အကုသိုလ်မဖြစ်အောင် ဘယ်လိုကျင့်သုံးရပါမလဲဘုရား။
စိုးစိုးခိုင်
အဖြေ။ ။ သူတစ်ပါးစွတ်စွဲတာကို ကျင့်သုံးနည်း
(နှလုံးသွင်းမှု)မမှန်ဘူးဆိုရင် အကုသိုလ်ဖြစ်ကြတာ သဘာဝပါပဲ။ တကယ်က အကုသိုလ်ဆိုတာ သူတစ်ပါးဆီကလာတာမဟုတ်ပါဘူး။
သူတစ်ပါးရဲ့ ဆဲဆိုသံတွေဟာ မိမိအတွက် အကုသိုလ်ဖြစ်နိုင်တဲ့အကြောင်း အထောက်အပံ့ပဲရှိတာ။
တကယ်တန်း အကုသိုလ်ဖြစ်တာက မိမိသန္တာန်မှာပါ။ ဒါကြောင့် ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်လာအောင်
ကိုယ်တိုင်ပဲကျင့်သုံးရမှာပါ။ ဒီအတွက် မှန်ကန်တဲ့နှလုံးသွင်းမှုရှိဖို့ပါပဲ။ ဘယ်လိုနှလုံးသွင်းရမလဲဆိုတာဒါနဲ့စပ်လို့
ပြောပါဦးမယ်။
ဘုရားရှင်
သာဝတ္ထိ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေတဲ့အ ခါ အရှင်ပုဏ္ဏမထေရ်က “ မြတ်စွာဘုရား….တပည့်တော်အား အကျဉ်းချုပ်အဆုံးအမများကို
ဟောကြားတော်မူပါဘုရား၊ ထိုတရားအကျဉ်းကို တပည့်တော် ကျင့်သုံးချင်ပါတယ်ဘုရား” လို့ ဘုရားရှင်အား
လျှောက်ထားတဲ့အတွက်ဘုရားရှင်က အရှင်ပုဏကို အကျဉ်းချုပ်တရား ဟောကြားတော်မူခဲ့ပါတယ်။
တရားဟောတော်မူပြီးတဲ့အခါ ဘုရားရှင်က အရှင်ပုဏ္ဏကိုမေးတော်မူပါတယ်။
“ချစ်သားပုဏ္ဏ….ငါဘုရားဟောတဲ့အဆုံးအမတွေကို ဘယ်နေရာမှာသွားပြီး
ကျင့်သုံးမှာလဲ”
“သုနာပရန္တ တိုင်းမှာ နေပြီး ကျင့်သုံးမှာပါဘုရား”
“ချစ်သား …….သုနာပရန္တတိုင်းသားတွေဟာ ကြမ်းတမ်းခက်ထန်လှတယ်။
အဲဒီတိုင်းသားတွေက တကယ်လို့ ချစ်သားကို ဆဲရေးတိုင်းထွာကြမယ်ဆိုရင် ချစ်သားဘယ်လို လုပ်မလဲ”
“မြတ်စွာဘုရား…..အဲဒီလို ဆဲဆိုစွတ်စွဲလာရင်
..အော်…ဒီလူတွေဟာ ငါ့ကို ပါးစပ်နဲ့တင် ပြောဆိုကြတယ်။ လက်နဲ့ မရိုက်ကြဘူး၊ ဒီလူတွေ တော်လိုက်ကြတာ
လို့ နှလုံးသွင်းပြီး နေပါ့မယ်ဘုရား”။
“ချစ်သား….ဒီလူတွေက သင့်ကို လက်နဲ့ထုရိုက်လာခဲ့မယ်ဆိုရင်ကော
ချစ်သား ဘယ်လိုလုပ်မလဲ”
“မြတ်စွာဘုရား… တကယ်လို့ ဒီလူတွေ တပည့်တော်ကို
လက်နဲ့ထုရိုက်လာခဲ့မယ်ဆိုရင် အော်….ဒီလူတွေ
ငါ့ကို ခဲနဲ့ မပေါက်ကြသေးဘူး။ ဒီလူတွေ တော်လိုက်တာ လို့ နှလုံးသွင်းပြီး နေပါ့မယ်ဘုရား”
“ချစ်သား…ဒီလူတွေကသင့်ကို ခဲနဲ့ပေါက်လာခဲ့မယ်ဆိုရင်ကော
ဘယ်လိုလုပ်မလဲ”
“မြတ်စွာဘုရား….တကယ်လို့ ဒီလူတွေ တပည့်တော်ကို
ခဲနဲ့ပေါက်လာခဲ့မယ်ဆိုရင် အော်….ဒီလူတွေ ငါ့ကို တုတ်နဲ့မရိုက်ကြသေး ဘူး။ တော် လိုက်ကြတာ
လို့ နှလုံးသွင်းပြီး နေပါ့မယ်ဘုရား”
“ချစ်သား…ဒီလူတွေက သင့်ကို တုတ်နဲ့ရိုက်လာခဲ့မယ်ဆိုရင်ကော
ချစ်သား ဘယ်လိုလုပ်မလဲ”
“မြတ်စွာဘုရား…တကယ်လို့ ဒီလူတွေ တပည့်တော်ကို
တုတ်နဲ့ရိုက်လာခဲ့မယ်ဆိုရင် အော်…ဒိလူတွေ ငါ့ကို ဓါးနဲ့မခုတ်ကြသေး ဘူး။ တော် လိုက်ကြတာ
လို့ နှလုံးသွင်းပြီး နေပါ့မယ်ဘုရား”
“မြတ်စွာဘုရား….တကယ်လို့ ဒီလူတွေ တပည့်တော်ကို
ဓါးနဲ့ခုတ်လာခဲ့မယ်ဆိုရင် အော်…ဒီလူတွေ ငါ့ကို ဓါးနဲ့ ခုတ်ရုံသာ ခုတ်တာ သေအောင် မသတ်ကြသေးဘူး
….ဒီလူတွေ တော်လိုက်ကြတာ လို့ နှလုံးသွင်းပြီးနေပါ့မယ်ဘုရား”
“ချစ်သား…ဒီလူတွေက သင့်ကို အသေသတ်ကြမယ်ဆိုရင်ကော
ချစ်သား ဘယ်လိုလုပ်မလဲ”
“မြတ်စွာဘုရား…ဒီလို အသေသတ်တော့မယ်ဆိုရင်
အသက်နဲ့ခန္ဓာကိုယ်ကို ငြီးငွေရွံမုန်းကာ ကိုယ့်ကိုယ်ကို သတ်သေဖို့အတွက် လက်နက်တွေ ရှာဖွေနေရတဲ့
ရဟန်းတော်များ ရှိပါတယ်၊ ငါ့မှာတော့ သေစေနိုင်တဲ့လက်နက်တောင် မရှာဖွေရဘူး၊ အဆင်သင့် ရနေတာပဲ
လို့ နှလုံးသွင်း ပြီး နေပါ့မယ်ဘုရား” လို့ လျှောက်ပါတယ်။
အဲဒီအခါ ဘုရားရှင်က
“ချစ်သား…ကောင်းလေစွ..ကောင်းလေစွ ၊ သင်ဟာ သည်းခံခြင်းဆိုတဲ့ ယဉ်ကျေးညင်သာမှုနဲ့ ပြည့်စုံတယ်။
သုနာပရန္တတိုင်းမှာ နေနိုင်ပါလိမ့်မယ်” မိန့်တော်မူခဲ့တယ်။( ပုဏ္ဏောဝါဒသုတ်၊
မဇ္ဈိမနိကာယ်။)
ဆိုလိုတာကအရှင်ပုဏ္ဏမထေရ် လို နှလုံးသွင်းမှန်ကန်ဖို့လိုပါတယ်။ ဒါဆိုရင် တစ်ဖက်က
ဘယ်လိုပဲ ဆဲဆိုစွတ်စွဲလာစေဦးတော့၊ ကိုယ့်မှာ အကုသိုလ်မဖြစ်နိုင်တော့ပါဘူး။ အထက်ပါ
နှလုံးသွင်းကျင့်သုံးနည်းကို အရှင်ပုဏ္ဏမထေရ်မှ
မဟုတ်ပါဘူး။ လူသားအားလုံး ကျင့်သုံးနိုင်ပါတယ်။ ကျင့်သုံးသူတိုင်း အကျိုးသင့်ရောက်မှုကို
သိလာပါလိမ့်မယ် ဆိုတော ပြောရင်း….
0 comments:
Post a Comment