အစောင့်အရှောက်ဆိုတာ အပြင်အစောင့်အရှောက် အတွင်းအစောင့်အရှောက်ဆိုပြီး
နှစ်မျိုးရှိပါတယ်။ အပြင်ပိုင်း အစောင့်အရှောက်ကတော့ မြင်နိုင်လောက်တဲ့
အပြင်အန္တရာယ်ကိုပဲ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွင်းပိုင်း
တစ်နည်းအားဖြင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ကိုတော့ အသိတရား၊
သတိတရားနဲ့ပဲ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
တစ်ချို့က အစောင့်အရှောက်ထူထပ်စွာ ချထားပြီး မမြဲတဲ့ ရုပ်တရားနဲ့
မပိုင်ဆိုင်တဲ့ ဥစ္စာတရားတွေကို စောင့်ရှောက်ဖို့ ကြိုးစားကြပါတယ်။
ကိုယ့်ကိုစောင့်ရှောက်ဖို့ ဆိုပြီးတော့လည်း အစောင့်ဘော်ဒီဂတ် (Body guard)
တွေတောင် ထားလိုက်ပါသေးတယ်။ ဘယ်လောက်ပဲထားထား သွားဖို့အချိန်တန်ရင်တော့
သွားကြရတာပဲ ဖြစ်ပါတယ်။ ရုပ်တရားဆိုတာ ချုပ်ထားလည်းပဲ သွားချိန်တန်သွား၊
ထားချိန်တန်ထား၊ ပျက်ချိန်တန် ပျက်နေမှာပဲ ဖြစ်ပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ကတော့ မမြဲခြင်းသဘောရှိနေတဲ့ ရုပ်တရားကို
စောင့်ရှောက်ဖို့ထက် ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ တစ်နည်းအားဖြင့်
ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းကို စောင့်ရှောက်ဖို့ လမ်းညွန်တော်မူပြီး
တကယ်စောင့်သင့်တဲ့ ကိုယ့်စောင့်တရား လေးပါးကို ဟောတော်မူပါတယ်။
ဗုဒ္ဓညွန်ပြတဲ့ ကိုယ်စောင့်တရားလေးပါးကတော့
၁။ ဗုဒ္ဓါနုဿတိ
(ဘုရားဂုဏ်ကို ပွားများခြင်း)
၂။ မေတ္တာဘာဝနာ
(မေတ္တာတရား ပို့သပွားများခြင်း)
၃။ အသုဘဘာဝနာ
(အပုတ်ကောင်အပေါ် ရှုဆင်ခြင်ခြင်း)
၎။ မရဏာနုဿတိ
(သေခြင်းတရားကို ဆင်ခြင်ခြင်း)
ဆိုတဲ့ တရားလေးပါးပဲ ဖြစ်ပါတယ်။
ဒီတရားလေးပါးကို ကျင့်ကြံပွားများ အားထုတ်ထားနိုင်တဲ့သူဟာ တကယ့်ကိုပဲ
ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ရုပ်တရားအပေါ်
မပျက်ဆီးအောင် စောင့်ရှောက်ခြင်းမျိုးမဟုတ်ဘဲ ရရှိထားတဲ့ ကိုယ့်ရဲ့ဘဝလေးကို
စောင့်ရှောက်ခြင်းသဘော ဖြစ်တဲ့အတွက် ဒီတရားလေးပါးသာ နေ့စဉ်ပွားများ
အားထုတ်နိုင်ရင် အဲဒီသူဟာ အမှန်ပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တဲ့သူ
တစ်နည်းအားဖြင့် ကိုယ့်စောင့်တရားများနဲ့ အညီငြိမ်းချမ်းစွာ
နေထိုင်နိုင်တဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။
ကိုယ့်စောင့်တရားလေးပါးနဲ့ ပတ်သက်ပြီး နည်းနည်းချဲ့ပြောရရင် ဗုဒ္ဓါနုဿတိလို့
ခေါ်တဲ့ ဘုရားဂုဏ်တော်ကို ပွားများတဲ့ အကျင့်ဟာ အားများတဲ့ ဘုရားရှင်ရဲ့
အားတွေကို ကိုယ့်သန္တာန်မှာ ပွားယူခြင်း ဖြစ်တဲ့အတွက် “ဘုရားကိုးကွယ် တန်ခိုးကြွယ် အပါယ်မကျ နိဗ္ဗာန်ရ”လို့
ဆိုတဲ့အတိုင်း ဘုန်းတန်ခိုးကြီးမားပြီး ကိုယ်ခံစွမ်းအားတွေ
တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို
နေ့စဉ်မပြတ် ပွားများအားထုတ်တတ်တဲ့သူဟာ အဲဒီဂုဏ်တော်တွေရဲ့ ကျေးဇူးကြောင့်
အန္တရာယ်ကင်းပြီး ကိုယ့်သန္တာန်မှာလည်း တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့
တန်ခိုးတော်တွေနဲ့ ထုံလွှမ်းထားတဲ့အတွက် အပြင်အန္တရာယ်တွေကလည်း
အကာအကွယ်ပြုထားပြီး ဖြစ်ပါတယ်။ အဓိကကတော့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို
ပွားများအားထုတ်နေတဲ့သူဟာ ဘုရားရှင်အနားမှာ ရှိသလိုဖြစ်ပြီး
ဘုရားရှင်တို့မည်သည် မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာ အရပ်မှာတောင်
ပြုတော်မမူတဲ့အတိုင်း ကိုယ်လည်းပဲ အကုသိုလ်ကို မပြုဖြစ်တော့ပါဘူး။
အကုသိုလ်မပြုဖြစ်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး
စောင့်ရှောင်တာပါပဲ။ပြီးတော့ တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို
ကျင့်ပွားနေတဲ့သူဟာလည်း ဘုန်းကံကြီးမားတဲ့သူ ဖြစ်တဲ့အတွက်
ဘုန်းကံကြီးတဲ့သူကို ကျရှုံးသွားအောင်၊ အန္တရာယ်ဖြစ်အောင် ဘယ်သူမှ
လုပ်လို့မရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ချင်တဲ့
သူတွေဟာ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများကျင့်ကြံသင့်ကြောင်း
ဆိုခြင်းဖြစ်ပါတယ်။
နောက်တစ်ချက် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်လိုသူတွေ အနေနဲ့ မေတ္တာဘာဝနာကို
ပွားများပြီးလည်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့
သဘောဖြစ်တဲ့အတွက် ဘယ်နေရာမှာပဲ ရောက်ရောက် ဘယ်သူအပေါ်မှာပဲ ဖြစ်ဖြစ်
အကျိုးလိုလားတဲ့ မေတ္တာလေးကို အခြေခံပြီး ကျင့်ကြံပွားများ
နေထိုင်ကြမယ်ဆိုရင် အဲဒီမေတ္တာဘာဝနာက ကိုယ့်ကိုစောင့်ရှောက်ထားပြီးသား
ဖြစ်ပါတယ်။ မေတ္တာခြုံမှ လုံတယ်လို့ ဆိုကြတဲ့အတိုင်း မေတ္တာတံတိုင်း
ကာရံထားတဲ့သူဟာ အန္တရာယ်ကင်းပြီး အေးငြိမ်းမှုကို ဖြစ်စေမှာ အမှန်ပဲ
ဖြစ်ပါတယ်။ မေတ္တာရဲ့ သဘောက သူ့အတွက်ပွားများရဲ့ ကိုယ့်အတွက်လည်း
အငြိမ်းဓာတ်၊ အအေးဓာတ်ကို ခံစားနိုင်တာ ဖြစ်တဲ့အတွက် ငြိမ်းနေတဲ့သူ၊
အေးနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေသူပဲ ဖြစ်ပါတယ်။
နောက်ထပ် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ့် လမ်းစဉ်တစ်ခုက အသုဘဘာဝနာ
ပွားများခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အပုတ်ကောင် အသုဘလို့ မထင်ဘဲ
သုဘလို့ ထင်နေကြတဲ့သူတွေမှာ အဲဒီအထင်မှားကြောင့်ပဲ အတ္တမာန အစွဲတွေဝင်ပြီး
အလွဲတွေ အသွင်သွင် လုပ်မိနေတတ်တဲ့အတွက် အဲဒီအလွဲတွေက ကိုယ့်ကို ဒုက္ခအဖြစ်
ရောက်ရှိစေတာလည်း ရှိနေတတ်ကြပါတယ်။ အသုဘကို သုဘလို့ ထင်နေတတ်တဲ့သူမှာ
ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ထက် ကိုယ့်အယူကို
ဖြောင့်အောင်လုပ်ဖို့တောင် အတော်ကြိုးစားကြရမယ့် သဘောရှိပါတယ်။ ဒါကြောင့်
ဒီလို အလွဲအမြင်နဲ့ တစ်လွဲထင်နေကြတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်
အတ္တတွေပါယ်ပြီး အမြင်မှန်နဲ့ စောင့်ရှောက်နိုင်ဖို့အတွက် အသုဘဘာဝနာကိုလည်း
ပွားများပြီး စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
ဘုရားပေးတဲ့ ကိုယ်စောင့်နည်းတွေထဲမှာ မရဏာနုဿတိလို့ ခေါ်တဲ့ သေခြင်းတရားကို
ဆင်ခြင်တဲ့နည်းဟာလည်း လက်တွေ့ကျင့်သုံးသင့်တဲ နည်းပဲ ဖြစ်ပါတယ်။
ပုထုဇဉ်အတော်များများဟာ သေရမှာကို သိကြပေမယ့် သေခြင်းတရားကို မေ့နေကြတဲ့
သူတွေအဖြစ် ဘဝကို ဖြတ်သန်းနေကြတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သေခြင်းတရားကို
အလေမထားဘဲ မေ့နေကြတဲ့သူတွေဟာ တဒင်္ဂအရှိတရားကိုလည်း ထာဝရအတည်တရား ထင်ကာ
မာနတွေဝင်ပြီး အကျင့်တရားတွေပါ ပျောက်ပျက်နေကြတော့တာ ဖြစ်ပါတယ်။ နေ့စဉ်
သေခြင်းတရားကို ဆင်ခြင်နိုင်တဲ့သူတွေကတော့ သေရမယ်ဆိုတာ သိနေတဲ့အတွက်
သတိမလွတ်ဘဲ မကောင်းမှုကိုရှောင်ကာ ကောင်းမှုကိုဆောင်ရင်း ကိုယ့်ကိုယ်ကိုယ်
စောင့်ရှောက်နိုင်ကြတော့တာ ဖြစ်ပါတယ်။ သေခြင်းတရားကို
ဆင်ခြင်နှလုံးသွင်းထားတဲ့အတွက် ဘဝမှာ အဆိုးဆုံး ဒုက္ခလို့ ပြောရမယ့်
သေခြင်းတရားအထိ ကြုံလာခဲ့ရင်လည်း မတုန်မလှုပ် ရင်ဆိုင်ပြီး အသိသတိ
ထပ်တူညှိနိုင်ကြမှာ ဖြစ်ပါတယ်။ အသိသတိကပ်ထားတဲ့သူဟာ ကိုယ့်ကိုယ်ကို
ကောင်းစွာစောင့်ရှောက်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။
ဆိုလိုတာက စောင့်ရှောက်မှုအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို
ကာကွယ်စောင့်ရှောက်ကြတဲ့ အပိုင်းမှာ ဗုဒ္ဓအလိုကျ စောင့်ရှောက်နည်းဖြစ်တဲ့
ကိုယ့်စောင့်တရားလေးပါးနဲ့ စောင့်ရှောက်ခြင်းကသာ အကောင်းဆုံး
ကိုယ့်စောင့်တရားပဲ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် နေ့စဉ်ဘဝထဲမှာ
ဗုဒ္ဓဂုဏ်ကို ခုံလှုံရင်း၊ မေတ္တာလည်းထား၊ အသုဘလည်း ပွား၊ သေခြင်းတရားလည်း
ဆင်ခြင်ကာ အကောင်းဆုံး ဖြစ်အောင် စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊
ဗုဒ္ဓဂုဏ်အစွမ်းကြောင့် တန်ခိုးတွေ ထုံလွှမ်းရောက်စေ၊ မေတ္တာအစွမ်းနဲ့
အေးချမ်းကြစေပြီး အပုတ်ကောင်ကို ဆင်ခြင်းလျက် အတ္တဝါဒဖျောက်ကာ သေခြင်းတရား
နှလုံးသွင်းထားလို့ မာနလေးတွေ လျော့ချနိုင်အောင် ကြိုးစားရင်း
ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်နိုင်အောင် ကြိုးစားကြရမှာ
ဖြစ်ပါကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်ပါတယ်။
ဒါကြောင့် ဘဝမှာ နေရတဲ့အခိုက် ကိုယ့်ကိုယ်ကို အကောင်းဆုံး
စောင့်ရှောက်မှုနဲ့ စောင့်ရှောက်နိုင်ကြဖို့ ဗုဒ္ဓပေးတဲ့
ကိုယ့်စောင့်တရားလေးပါးကို ပွားများအားထုတ်ရင်း ဂုဏ်တော်မြဲစေ၊ မေတ္တာတွဲစေ၊
သုဘလွဲစေ၊ သေခြင်းမြဲနေ ဆိုတဲ့ အချက်လေးတွေကို အခက်မဝေးအောင်
ဆင်ခြင်စဉ်းစား အစောင့်ထားကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
0 comments:
Post a Comment