ကျော်နန္ဒအောင်။ ။
တပည့်တော်လျောက်ထားပါရစေဘုရား၊ ဆရာတော်က ပရိယတ္တိလောကမှာ စာမေးပွဲတွေလည်း အဆင့်ဆင့်အောင်မြင်ပြီးသားလည်းဖြစ်၊
ကိုယ်တိုင်လည်း နှစ်များစွာ စာပေ ပို့ချခဲ့ပြီး၊ ပို့ချနေဆဲလည်းဖြစ်၊ စာပေပို့ ချမှုနှင့်ပက်သက်ပြီး
နိုင်ငံတော်က စာချအမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကိုလည်း ဆက်ကပ်ခံရပြီးဖြစ်ပါတယ်၊
ကိုယ်တိုင်လည်း စာသင်သားဘ၀ကိုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတော့ ဒီကနေ့အထိ မြန်မာနိုင်ငံ
မှာသင်ကြားနေတဲ့ ပရိယတ္တိဓမ္မအပေါ် ဆရာတော်ရဲ့သုံးသပ်ချက်အမြင်ကို သိပါရစေဘုရား။
ဆရာတော်။ ။
Traditional Education ပေါ့လေ၊ ဒီစနစ်နဲ့ပဲ ဒီနေ့မြန်မာပြည်မှာကျင့်သုံးနေကြတာပါ၊ ဒီစနစ်နဲ့
ပဲအတော်တတ်နေကြပါတယ်၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေဆိုတာ ဒီစနစ်နဲ့ပဲတတ်နေကြတာပါ။ ချွင်းချက်အနေနဲ့တော့
ရှိကောင်းရှိနိုင်ပါတယ်၊ ဘုန်းကြီးတို့နိုင်ငံခြားရောက်တဲ့အခါကျတော့
မြန်မာဘုန်းကြီးဆိုရင် အဘိဓမ္မာတတ်တယ်၊ ကမ္မဋ္ဌာန်းပြတတ်တယ်ဆိုတဲ့အရည်အချင်း နှစ်ရပ်ကို
အထူးသဖြင့် သီဟိုဠ်( သီရိလင်္ကာ)က ပါမေက္ခကြီးတွေက သိပ်အထင်ကြီးကြပါတယ်၊ လေးလည်း လေးစားကြပါတယ်၊
ဒီလိုလေးစားခံရတာဟာ မြန်မာပြည်ရဲ့ ပရိယတ္တိပညာ ရေးစနစ်ရဲ့ မှန်ကန်မှု လို့ပြောရပါမယ်၊
မြန်မာသင်နည်းစနစ်က နှစ်လည်းအကြာကြီးတော့မဟုတ်ပါဘူး၊ ဥာဏ်အလတ် တန်းစားဆိုရင်
(၁၀)နှစ်လောက်သင်ရပါတယ်၊ နိုင်ငံခြားသားတွေတောင် ဆယ်နှစ်လောက်ဆိုရင် ဓမ္မာစရိယတန်း လောက်ရောက်သွားပါတယ်၊
ဥပမာအားဖြင့် နီပေါကလာတဲ့
ဒေါ်သုဓမ္မ၀တီတို့၊ ဦးဥာဏပုဏ္ဏိက တို့ဆိုရင် (၁၀)နှစ်လောက်နဲ့ ဓမ္မာစရိယ ပြီးသွားကြပါတယ်၊
အခြားပညာရပ်တွေ တက္ကသိုလ်တွေနဲ့စာရင် ကြာတယ်လို့မပြောနိုင် ပါဘူး၊ သူတို့ရဲ့ပိဋကတ်စာပေ
အရည်အသွေးကနိုင်ငံခြားမှာ တစ်ခြားနဲ့ယှဉ်ရင် အင်မတန်မြင့်မားပါ တယ်။
ဘုန်းကြီးတို့သီဟိုရ်မှာ
နေလာခဲ့တော့ သီဟိုရ်ဘုန်းကြီးတွေကိုယ်တိုင်က ဘုန်းကြီးတို့ကို အတော် လေးစားပါတယ်၊ အကယ်၍သင်နည်းစနစ်
မှားနေတယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ ပရိယတ္တိစာပေ အောက်တန်းကျမှာပါ၊ ထေရ၀ါဒ နိုင်ငံတွေကို
ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ပညာရေးစနစ်က အောက်တန်းမကျပါဘူး၊ ပိဋကတ်ဘက် ကိုပြောတာနော်၊
သို့သော်မြန်မာဘုန်းကြီးတွေက နိုင်ငံတကာသုံးဖြစ်တဲ့ English ဘာသာစကားကို မသင်ကြား သည့်အတွက်ကြောင့်
တခြားနိုင်ငံခြားသားတွေကို ဗုဒ္ဓစာပေအကြောင်းကို မိမိတို့သိသလောက်ရှင်းမပြနိုင်ဘူး ဆိုတာ
တော့ ရှိပါတယ်၊ ဒါက အားနည်းချက်ပါ။
ကျော်။ ။ ပိဋကတ်အရည်အချင်းမှာ
မြန်မာပြည်က အခြားထေရ၀ါဒနိုင်ငံတွေထက်စာရင် ဘယ်အခြေအနေမှာ ရှိပါသလဲဘုရား။
ဆရာတော်။ ။ ပိဋကတ်နဲ့
ပက်သက်လို့ကတော့ မြန်မာဘုန်းကြီးတွေကို မမှီပါ၊ သီဟိုရ်( သီရိလင်္ကာ)လည်းမမှီပါ၊ တခြားနိုင်ငံတွေဆိုရင်
ထည့်ကိုမပြောပါနဲ့တော့။ မြန်မာပြီးရင် သီဟိုရ်က အတော်ဆုံးလို့ပြောရမှာပါ၊ ဒါပေမယ့်
ပိဋကတ်အရည်အချင်းမှာ မြန်မာနိုင်ငံကို လုံးဝမမှီပါဘူး၊
မြန်မာပြည်ရဲ့ပိဋကတ်သင်နည်းစနစ်ဟာ
မှန်ကန်တယ်လို့ဘုန်းကြီယူဆတယ်၊ Language မတတ်တာလေးကိုကြည့် ပြီးတော့ ပြောလို့မရပါ။
Language အရည်အချင်းက ၄/၅နှစ်လောက်နဲ့ ရနိုင်ပါတယ်၊ ပိဋကတ်အရည်အချင်း ကတော့ဒီလောက်နှစ်နှင့်
မရနိုင်ပါ၊ ပိဋကတ်အရည်အချင်းက ပိုပြီး အဓိကကျပါတယ်၊ ဒါမှနှိုင်းယှဉ်လို့ ရမှာကိုး။
အင်္ဂလိပ်ဘာသာ ဆိုတာ
Media ဘာသာသဘောမျိုးပဲရှိတာလေ၊ အင်္ဂလိပ်စာ ဘယ်လောက်တတ် နေနေ
ပိဋကတ်စာပေ မတတ်ရင်တော့ဓမ္မကို ဘယ်လိုမှရှင်းပြလို့ရမှာမဟုတ်ဘူး၊ အခု ကမ္ဘာမှာ
သုံးနေတဲ့ ၀ိသုဒ္ဓိမဂ်ကြီးကို အင်္ဂလိပ်လို The Path of Purification လို့ပြန်ထားတယ်၊
ပြန်တဲ့ဆရာတော်က သီဟိုရ်(သီရိလင်္ကာ)မှာနေတဲ့ ဦးဥာဏမောလိ ပါ။ ဂျာမန်ဘုန်းကြီးဖြစ်ပါတယ်၊
အင်မတန် ကြိုးစားပြီးတော့ပြန်ပါတယ်၊ သို့သော် သူ့ရဲ့ပါဠိ အရည်အချင်းက မြန်မာဘုန်းကြီးေ တွလောက်
မပြည့်စုံဘူး၊ ဒါကြောင့်ဘာသာပြန်တဲ့နေရာမှာ ချို့ယွင်းချက်တွေ အများကြီး ရှိပါတယ်။
အဲဒါ အခြားဘုန်းကြီးတွေမမြင်ဘူး၊ မြန်မာပြည်က ဘုန်းကြီးတွေမြင်ပါတယ်၊ မြန်မာပြည်က ဘုန်းကြီးတွေက
အင်္ဂလိပ်စာတတ်တာနဲ့ ဒီနေရာ မှားနေတယ်လို့ပြောနိုင်တယ်။
ဒါနဲ့ပက်သက်လို့ ကိုယ်တိုင်လည်းလေ့လာထားလို့
အပြောဆုံးက အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်လုပ်နေတဲ့ ဦးသီလာနန္ဒာဘိဝံသ
ပါ၊( ယခုအခါ ထိုဆရာတော်ကြီး လွန်တော်မူသွားပါပြီ၊ စကားချပ်) ဒီအထဲမှာ အမှားတွေအများကြီးပဲတဲ့၊
ဝါကျဆက်တာက အစပေါ့၊ သူငယ်ငယ်တုန်းက ထင်တယ်တဲ့၊ ဒီစာချတန်းသင် တဲ့စနစ်တွေဟာ အချိန်ကုန်တာပဲလို့
ယူဆခဲ့တယ်တဲ့။ အခု ၀ိသုဒ္ဓိမဂ် ကျမ်းကြီးကို ဘာသာပြန်ထားတာကို ဖတ်ရတဲ့ အခါကျတော့ တို့ငယ်ငယ်ကသင်ခဲ့တာတွေဟာ
တယ်ပြီးစနစ်ကျပါလား လို့မြင်တယ်တဲ့။
ကျော်။ ။ မြန်မာပြန်အမှား အချို့ကိုလည်း အနည်းငယ်လောက်
သိပါရစေဘုရား။
ဆရာတော်။ ။ ဘာဖြစ်လို့လဲဆိုတော့
ဝိသုဒ္ဓိမဂ်ထဲမှာ “ပန”တို့၊ “ဟိ” တို့ကို တွေ့လိုက်လို့၊ “အပိ စ” တို့တွေ့လို့ရှိရင်
စာအုပ်ထဲမှာပြန်ထားတာက However လို့၊ But လို့ပဲ ပြန်တာတွေ့ရတယ်၊ ဒီကတည်းက အကုန်လွဲကုန်ပြီ၊
မြန်မာ ဘုန်းကြီးတွေကျတော့သိတယ်၊ “အပိ စ” လို့ဆိုကတည်းက ဒါဟာ နောက်တစ်နည်းသွားတယ် ဆိုတာ
သိပါတယ်၊ အများကြီးလွဲပါတယ်၊ ဒေသနာသုဒ္ဓိ ဆိုတဲ့ စကားလုံးလေးမှာ ဘာသာပြန်ထားတာက ဒေသနာဆိုတာ
မြတ်စွာဘုရား ဟောကြားချက်လို့ ယူဆ ပြီးတော့ အင်္ဂလိပ်လို Purification by Teaching လို့ပြန်လိုက်တယ်၊
လုံးဝလွဲသွားပါတယ်၊ ဒေသနာသုဒ္ဓိဆိုတာ အဲဒါကိုဆိုလိုတာမဟုတ်ဘူး၊ ရဟန်းတော်တွေဟာ အာပတ်ကိုဒေသနာကြားတဲ့အခါမှာ
ဒေသနာ ကြားခြင်းဖြင့်သာလျင် ကိုယ်ကျင့်တရားဟာစင်ကြယ်နိုင်တယ်၊ ပါတိမောက္ခသံဝရသီလနဲ့ပက်သက်ပြီး
တော့ပြောတဲ့ စကားပါ၊ အဲဒီလိုအမှားတွေအများကြီးပဲ၊ ၀ါကျ-မနိုင်လို့မှားတာတွေ၊ ပါဠိ-မနိုင်လို့မှားတာတွေအများကြီးပါ၊
အဲဒီအမှား တွေကိုထောက်ပြနိုင်တာဟာ မြန်မာပြည်က ဆရာတော်တွေပါ၊ ဘုန်းကြီးတို့အနေနဲ့ ကိုယ့်ရဲ့အားသာချက်
အားနည်း ချက်ဆိုတာကိုသိရပါမယ်။
နောက်ဘုန်းကြီးတို့မဟာသတိပဋ္ဌာနသုတ်မှာ
Grammar သုံးတဲ့အခါ “တွာ” နဲ့ဆုံးတဲ့ပုဒ်ကို ပုဗ္ဗကာလကြိယာ လို့ခေါ်တယ်၊ “တွာ” နဲ့ဆုံးတဲ့
ပုဒ်တွေမှန်သမျှကို အနောက်တိုင်းသားတွေက ဘာသာပြန်လို့ရှိလျင် Perfect နဲ့ပဲ ပြန်လေ့ရှိတယ်၊
Have နဲ့တွဲပြီးပြန်လေ့ရှိတယ်၊ အဲဒါဘယ်နေရာမှာ သွားပြီးထိခိုက်လဲ ဆိုတော့ မဟာသတိပဋ္ဌာန
သုတ်မှာ “ကာယေ ကာယာနုပဿီ ၀ိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ၀ိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ”
အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဆိုတဲ့စကားမှာ ၍ ဆိုတဲ့ တွာ၊ ၀ိနေယျ ဆိုတဲ့ပုဒ်ကို ဘာသာပြန်
တဲ့အခါကျတော့ have removed attachment and hatred ဆိုတော့ ဘယ်လိုအဓိပ္ပါယ်သွားရသတုန်းဆိုရင်
သတိပဋ္ဌာန်တရားအားမထုတ်ခင် လောဘနှင့် ဒေါသကို အရင်ပယ်ရမယ်၊ ပြီးတော့မှ သတိပဋ္ဌာန်တရားကို
အားထုတ် ရမယ် ဆိုတဲ့ အဓိပ္ပါယ်ရသွားတယ်၊ ဒီတော့ သူတို့ရဲ့ Interpretation ကဘယ်လိုဆွဲသတုန်း
ဆိုတော့ဝိပဿနာ တရားကို သမထကျင့်စဉ်တစ်ခု မကျင့်ပဲနဲ့ ၀ိပဿနာကို တိုက်ရိုက်အားထုတ်လို့မရဘူး
လို့အဓိပ္ပါယ်ရသွားတယ်၊ Perfect နဲ့ပြန်တဲ့ အတွက်ကြောင့်ပါ၊ နိုင်ငံခြားက အင်္ဂလိပ်လိုပြန်တဲ့စာအုပ်တော်တော်များများဟာ
အဲဒီလိုဖြစ်နေပါ တယ်၊ Interpretation လွဲနေပါတယ်၊ လွဲလို့ သုဒ္ဓယာနိက၀ိပဿနာ ဆိုတဲ့ ၀ိပဿနာသက်သက်သွားတဲ့လမ်းဟာ
မှားတယ် လို့ဆိုနိုင်တဲ့အထိ ထိခိုက်လာပါတယ်၊ ဘာသာပြန်လွဲတာပါ။
ဆရာတော်ဦးသီလာနန္ဒပြန်တာကျတော့
အဲဒီလိုမဟုတ်ဘူး၊ တွာ-က မြန်မာပြည်မှာ Grammar နဲ့ပြောမယ်ဆိုရင် ငါးမျိုးရှိတယ်၊ အဲဒီငါးမျိုးရွေးချယ်တတ်ဖို့လိုပါတယ်၊
တစ်ချို့တွာ-က Preceding အရင်ဖြစ်နှင့်တာတစ်ခု၊ ပုဗ္ဗကာလ၊ နောက်မှဖြစ်တာရှိတယ်၊
Following အပရကာလ။ နောက် Simultaneously တပြိုင်နက်ဖြစ်တာရှိတယ်၊ Because of အကြောင်းဆိုတာရှိတယ်။
When ဆိုတဲ့အချိန်ကို သတ်မှတ်ပြတာရှိတယ်။ ငါးခုရှိပါတယ်၊ အဲဒီငါးခုကို သူတို့ကမရွေး
ချယ်ဘဲနဲ့ အကုန်လုံးပုဗ္ဗကာလချည်းလုပ်တဲ့အခါကျတော့ အကုန်လွဲကုန်တယ်။
ဥပမာအားဖြင့် နေမင်းကြီးသည်
အမိုက်မှောင်ကိုပယ်ဖျောက်၍ ထွန်းတောက်တယ် ဆိုတဲ့နေရာမှာ နေမင်းကြီး ထွက်လိုက်တာနဲ့အမိုက်မှောင်က
တစ်ခါတည်း ပျောက်သွားတာ၊ အမိုက်မှောင်ပျောက်ပြီးတော့မှ နေမင်းကြီး ထွက် တာမဟုတ်ဘူး၊
နေမင်းကြီးထွက်တာရယ် အမိုက်မှောင်ပျောက်တာရယ် ဒီနှစ်ခုဟာ တစ်ပြိုင်နက်ဖြစ်တာ၊ ဒီတော့
ဘာသာပြန်တဲ့နေရာမှာThe sun rises expelling darkness ဒီလိုပြန်တယ်၊ နေမင်းကြီးထွက်လာတာ
အမိုက်မှောင် ပျောက်ပြီးထွက်လာတာ၊ အဲဒီလိုပဲ မဟာသတိပဋ္ဌာနသုတ်ကို ဘာသာပြန်တော့လည်း ကာယာနုပဿနာသတိပဋ္ဌာန်
ပွားနေတာဟာ အဘိဇ္ဈာနဲ့ ဒေါမနဿကို ပယ်ဖျောက်ပြီး ပွားနေတာ၊ ပွားရင်းပယ်ဖျောက်နေတာ၊ ဒီလိုအဓိပ္ပါယ်ယူရ
မှာ၊ ဒါတွေကျတော့မြန်မာပြည်က သင်နည်းစနစ်က ပိုပြီးတိတိကျကျရှိတယ်လို့ပြောရပါမယ်၊ တစ်ခြားသင်နည်းစနစ်
တွေမှာဒါမျိုးမရှိဘူး၊ ရှေးကျပေမယ့် တိကျတယ်၊ တကယ်တတ်ပါတယ်။
ကျော်။ ။ ဆရာတော်တို့ငယ်ငယ်တုံးက သင်ခဲ့ရပုံကလေးရော ဘုရား။
ဆရာတော်။ ။ ဘုန်းကြီးတို့ငယ်ငယ်တုံးကတော့
ထုံးစံအတိုင်းသင်ခဲ့ရတာပါပဲ၊ သို့သော်လည်း ကံကောင်းတာက ဟိုရှေးရှေးတုန်းကနားမလည်တဲ့ပါဠိသဒ္ဒါကြီးကို
ကျက်ပြီးတော့ပါဠိကတစ်ဆင့်မြန်မာပြန်ရတယ်၊ ပြီးတော့ ရုပ်တွက်ရ တယ်၊ ရှေးမူကြီးအတိုင်းတော့မဟုတ်ခဲ့ပါဘူး၊
ဝိသုဒ္ဓါရုံသုတ်နက်နဲ့ အခြေခံပြီးဘာသာပြန်ထားတာလေးကို ကျက်ရ တော့ ပါဠိ Grammar မှာအများကြီးလွယ်သွားပါတယ်၊
သုတ်နက်နဲ့သင်တဲ့စနစ်က ပိုပြီးလွယ်ပါတယ်၊ ငယ်ငယ် တုံးက စာပေအတော်များများကို အမိအရကျက်ထားတဲ့အတွက်ကြောင့်
ကြီးလာတဲ့အခါ သိပ်ပြီး ပြန်ဖတ်ဖို့မလိုတော့ဘူး၊ ဖတ်ရင်းနဲ့ ရှေ့ကိုမြင်မြင်သွားခဲ့ပါတယ်၊
တစ်ခုနဲ့တစ်ခု ကျေးဇူးပြုသွားတယ်ပေါ့လေ။
မြန်မာပြည်ရဲ့ပါဠိပညာရေးစနစ်သည်
မနိမ့်ကျလှပါဘူး၊ ဒီလိုပဲသင်ခဲ့ရတာပါ၊ ဘာပညာပဲဖြစ်ဖြစ် စာမေးပွဲစနစ်
သင်တာဟာ Introduction သဘောမျိုးပဲဖြစ်ပါတယ်၊ တတ်တယ်လို့ပြောလို့မရသေးဘူး၊ ပညာရပ်နဲ့
ဆက်သွယ်မိရုံ လောက်ပဲ၊ ကျွမ်းကျင်မှုကျတော့ မိမိရဲ့ လေ့လာလိုက်စားမှုအပေါ်မူတည်ပါတယ်၊
သင်ထားတာကို လေ့လာလိုက်စား သွားမယ်ဆိုရင်တော့ပညာရေးစနစ်က အများကြီးအထောက်အကူပြုပါတယ်။
ကျော်။ ။ ဆရာတော်အင်္ဂလိပ်စာ
သင်ယူခဲ့ပုံနဲ့ အငယ်တန်း၊ အလတ်တန်းလောက်စသည်မှာအင်္ဂလိပ်စာတွဲပြီး သင်သင့်၊ မသင်သင့်၊
ပရိယတ္တိစာပေနဲ့ အင်္ဂလိပ်စာသင်ယူမှုအပေါ် ဆရာတော်ရဲ့သဘောထားခံယူချက်၊ ဘာသာ စကားကျွမ်းကျင်ဖို့လိုအပ်ပုံစသည်များကို
မိန့်ပါအုံးဘုရား။
ဆရာတော်။ ။ ဘာသာစကားမတတ်တာကတော့
အားနည်းချက်ရှိပါတယ်၊ ဒါဖြင့်အငယ်တန်းကတည်းက အင်္ဂလိပ်စာ ထည့်ရင်ကောင်းမလား ဆိုရင်တော့ဘုန်းကြီးကတော့
သဘောမတူပါဘူး၊ အဲဒီစနစ်ကို သီဟိုဠ်( သီရိလင်္ကာ) နဲ့ ယိုးဒ ယား(ထိုင်း)တို့မှာလုပ်နေကြပါတယ်၊
သူတို့ကိုကြည့်ပါ၊ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာတို့၊ သချာင်္တို့ထည့်သင်တော့ ပိဋကတ်စာပေလေ့လာမှုမှာ
အားနည်းသွားပါတယ်၊ ဒီမှာက ပိဋကတ်ဘက်မှာ အင်တိုက်အားတိုက်သင်နေကြတာ၊ အကယ်၍သာ အဲဒီပညာရပ်တွေ
တွဲပြီးသင်မယ်ဆိုရင် ကြိုက်တဲ့ပုဂ္ဂိုလ်တွေလည်းရှိမှာပါ၊ စာသင်သားတွေ ဒီထက်မက တော်လာမယ်လို့ယူဆတဲ့သူများလည်း
ရှိပါတယ်။ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေလည်း ပေါ်လာမှာပါ၊ သို့သော်လည်း အများစု နဲ့ပြောရမယ်ဆိုရင်တော့
အင်္ဂလိပ်နဲ့ သချာင်္ထည့်သင်မယ်ဆိုရင် ပိဋကတ်စာပေဘက်မှာ အားပျော့သွားမယ်လို့ ဘုန်းကြီးယုံကြည်နေပါတယ်။
ဘုန်းကြီးအင်္ဂလိပ်စာသင်တာ
၂၆ နှစ်မှ စသင်တာပါ၊ မန္တလေးသကျသီဟစာမေးပွဲအောင်ပြီး ကမ္ဘာအေးမှာ တိပိဋက ပါဠိမြန်မာ အဘိဓာန်
Compiler အနေနဲ့သွားရင်း ချမ်းမြေ့ရိပ်သာဆရာတော်ထံ ၀ိဇ္ဇာလင်္ကာရ ဆရာတော်ရဲ့ စီစဉ်ပေး
ချက်အရ အင်္ဂလိပ်စာတစ်ချိန်၊ သက္ကတတစ်ချိန်ဖွင့်ပေးပါတယ်၊ သက္ကတကိုတော့ နီပေါက ဦးဥာဏပုဏ္ဏိက
သင်ပေးပါ တယ်၊ အဲဒီမှာစပြီး သင်ခဲ့တာပါ။
ကိုယ်တွေ့အရ ပြောရမယ်ဆိုရင်တော့
အင်္ဂလိပ်စာသင်သည့်အတွက်ကြောင့်နှိုင်းယှဉ်လေ့လာ တတ်ပြီး ပါဠိကို ပိုပိုပြီး ရှင်းရှင်းလင်းလင်းမြင်တတ်သွားခဲ့တယ်။
ဘာသာနှစ်ခုလုံးအတွက် အကျိုးပြုပါတယ်၊ အင်္ဂလိပ်စာသင်လို့ လွယ်သွား တာဟာ ပါဠိသင်ခဲ့လို့၊
အင်္ဂလိပ်စာ သင်သည့်အတွက်ကြောင့် ပါဠိကို ပိုပြီးရှင်းရှင်းကြီး မြင်သွားပါတယ်၊ စစ်ကိုင်း
တောင်ရိုး ၀ိပဿနာချောင်မှာ ကိုယ့်ရဲ့နောင်တော်ကြီးထံမှာ ပါဠိကိုစပြီးသင်ခဲ့တယ်၊ ငယ်၊
လတ်၊ ကြီးထိအောင်ပေါ့၊ (၆)နှစ်ကြာခဲ့ပါတယ်၊ ငယ်ငယ်တုံးက အဲဒီလိုသင်ခဲ့တာပါ၊ ဆရာသမားများကတော့
ထေရုပတ္တိ အကျဉ်းမှာ ပါသွားပြီ၊ ပညာရေးနဲ့ ပက်သက်လို့ကတော့ ဒီလောက်ပါပဲ။ လျှောက်စရာရှိရင်လည်း
လျှောက်ပါဦး။
ကျော်။ ။ ကျမ်းစာများ
ရေးဖို့ရော အစီအစဉ်ရှိပါသလားဘုရား၊ အထူးအားဖြင့်တော့ စာသင်သားများအတွက် ပရိယတ္တိ သာသနာတော်အတွက်ပေါ့ဘုရား၊
ဆရာတော့် ထေရုပတ္တိမှာတော့ ထေရုပတ္တိကထာတွေ ရေးတာ များများတွေ့နေ ရလို့ပါ၊ ပြီးတော့ ဆရာတော်ရဲ့
အနာဂါတ်သာသနာအပေါ် မျှော်မှန်းထားချက်များပေါ့၊ အဲဒါသိချင်ပါသေးတယ် ဘုရား။
ဆရာတော်။ ။စာပေတွေကတော့ တော်တော်များများရေးထားလို့ပြည့်စုံနေကြပါတယ်၊
ပိဋကတ်နဲ့ ပက်သက်လို့ လည်း နိဿယတွေတော်တော်ပြည့်ပြည့်စုံစုံရှိနေပါတယ်၊ ဘာသာပြန်တွေလည်းရှိပါတယ်၊
တောင်မြို့ ဆရာတော်ကြီး ရေးသွားလို့ အဋ္ဌကထာတွေလည်း တော်တော်ပြည့်ပြည့်စုံစုံရှိပါတယ်၊
အဲဒါတွေကိုတော့ ရေးဖို့ စိတ်မ၀င်စားပါဘူး၊ သို့သော်လည်း ပိဋကတ်ကိုကြည့်မယ်ဆိုရင်တော့
မကုန်မခန်းနိုင်တဲ့ ပညာသမုဒ္ဒရာကြီးပါ။ Ocean of Knowledge ပေါ့။
အခုလောလောဆယ်တော့
ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို ၀ိသုဒ္ဓိမဂ္ဂသင်္ဂဟ ဆိုပြီးတော့ စာမျက်နှာ(၇၀၀)လောက်ရှိတဲ့ ကျမ်းကြီးကို
စာမျက်နှာ (၂၀၀)လောက်ဖြစ်သွားအောင်အနှစ်ချုပ်ပြီးတော့ ရေးနေပါတယ်၊ သီလနိဒ္ဒေသတစ်ခုတော့
ပြီးသွားပါပြီ။ အဋ္ဌကထာဆရာကြီးရေးတဲ့ ၀ါကျတွေကိုပဲ ဖြတ်တောက်ပြီးတော့ ယူပြီးရေးထားတာပါ။
ဝိသုဒ္ဓိမဂ်ကျမ်း ကြီးကို ချုံ့ထားတဲ့ကျမ်းပေါ့လေ၊
နောက်
ဓမ္မပဒကျမ်းပါ၊
ဓမ္မပဒ၀တ္ထုကြီးတွေက တော်တော်ရှည်ပါတယ်၊ ရှည်တော့ တစ်ချို့နေရာတွေမှာ
ဇာတ်ကြောင်း တွေမျောသွားတာရှိပါတယ်၊
ဓမ္မပဒဂါထာနဲ့ ဇာတ်ကြောင်းနဲ့ တစ်ခါတစ်လေ စပ်ဟပ်လို့မရတာလေးေ တွရှိပါတယ်၊
သေသေချာချာဖတ်တဲ့ပုဂ္ဂိုလ်တွေတွေ့ပါလိမ့်မယ်၊ဘုန်းကြီးကိုယ်တိုင်လည်းငယ်ငယ်ကခံစားခဲ့ရဖူးပါတယ်၊အချိန်ရရင်လည်း
ဖတ်ကြည့်ပေါ့လေ၊
အနုသန္ဓေမဆက်မိတဲ့သဘောတွေပေါ့၊ အဲဒါလေးတွေ မဖြစ်ရအောင် မြတ်စွာဘုရားဟော
ထားတာနဲ့ ဓမ္မအနှစ်နဲ့ အံကိုက်ဖြစ်အောင်ချိန်ပြီးတော့ ဓမ္မပဒ၀တ္ထု တော်တွေကို
ပါဠိလိုရေးပါတယ်၊
နောက်မှဘာသာ ပြန်ချင်ပြန်မယ်ပေါ့။
ရည်ရွယ်ချက်ကတော့
နိင်ငံခြားက ပါဠိလာသင်တဲ့ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကကျောင်းသားတွေ ရှိပါတယ်၊
သူတို့တစ်တွေ ဓမ္မပဒကို ခပ်ကျဉ်းကျဉ်းနဲ့ ပါဠိလိုလေ့လာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ပါ၊
နောက်ကျတော့ အင်္ဂလိပ်လိုပြန်ပါမယ်။
နောက်တစ်ခုကကြီးကြီးကျယ်ကျယ်ပြောတာတော့မဟုတ်ဘူး၊
ဘုန်းကြီးတို့ခေတ်မှာ ပါဠိရေးနိုင်တဲ့မှတ်တိုင်တစ်ခု ရှိစေချင်တယ်။ ဆရာတော်တွေမတတ်တာမဟုတ်ဘူး၊
တတ်ကြပါတယ်၊ သို့သော်လည်း စာအုပ်ဖြစ်မလာကြဘူး၊ ဖြစ်မလာတဲ့အခါကျတော့ သမိုင်းဆရာတွေပြန်လေ့လာတဲ့အခါမှာ
ဒီတစ်ခေတ်မှာ ပါဠိလိုရေးတဲ့စာအုပ် မပေါ်ခဲ့ဘူး ဆိုရင်ပိဋကတ်တတ်ကျွမ်းတဲ့ ဘုန်းကြီး မရှိခဲ့ဘူး
လို့မှတ်ချက်ချသွားနိုင်ပါတယ်၊ ပြစရာမရှိလို့ပါ၊
ပုဂံခေတ်မှာ ဆိုရင်
လည်း သဒ္ဒနီတိကျမ်း ဆိုတဲ့နီတိကျမ်းကြီးရှိခဲ့တယ်၊ ပုဂံခေတ်ပါဠိအရည်အချင်းဟာ မညံ့ဘူး၊
သိပ်မြင့်မားခဲ့တယ်၊ နောက်ပင်းယခေတ်မှာလည်း စတုရင်္ဂဗလအမတ်ကြီးက အဘိဓာန်ဋီကာကျမ်းကြီးကို
ပါဠိလိုရေးခဲ့ တာရှိတယ်၊ ပင်းယရဲ့ ပါဠိပညာဟာလည်း အဆင့်မြင့်တယ်လို့ ပြောရပါမယ်၊ နောက်အင်းဝခေတ်မှာလည်းရှိခဲ့တယ်၊
ကုန်းဘောင်ခေတ်ကျတော့ လယ်တီဆရာတော်ကြီးတို့၊ ၀ိသုဒ္ဓါရုံဆရာတော်ကြီးတို့၊ ရွှေကျင်ဆရာတော်ကြီးတို့
ပါဠိလို ရေးတဲ့ကျမ်းတွေပေါ်လာပြီး တော်တော်များများရှိခဲ့တယ်၊ ပါဠိရဲ့အဆင့်အတန်းဟာ ကုန်းဘောင်ခေတ်ထိအောင်
မနိမ့် ကျခဲ့ပါဘူး။ လွတ်လပ်ရေးခေတ်နောက်ပိုင်းကျတော့ ပါဠိလိုရေးတာ အတော်နည်းသွားပါတယ်၊
အခုလောလောဆယ် တော့ ဗန်းမော်ဆရာတော်ကြီးက အပါဒါန်နဲ့ ပက်သက်ပြီးရေးတယ်၊ မဟာစည်ဆရာတော်ကြီးရဲ့
ဝိပဿနာရှုနည်း ကျမ်းကိုလည်း ပါဠိလိုရေးထားတာ တွေ့ရတယ်၊ ဒီလောက်ပါဘဲ။
တကယ်တော့ပါဠိလိုကောင်းကောင်းရေးနိုင်တဲ့ဆရာတော်ကြီးတစ်ပါးရှိခဲ့ပါတယ်၊
သပြေကန်ဆရာတော်ကြီးပါ၊ အလွန် ပြောင်မြောက်တဲ့ဆရာတော်ကြီးပါ၊ ကျမ်းကြီးကျမ်းခိုင်တစ်စောင်လောက်ကိုရေးနိုင်ပါတယ်၊
သို့သော်လည်းမရေးခဲ့ရပါ ဘူး၊ ဆရာတော်ဦးသီလာနန္ဒ ဆိုရင်လည်း ပါဠိကျမ်းကြီးတွေကောင်းကောင်းရေးနိုင်ပါတယ်၊
အင်္ဂလိပ်၊ သက္ကတ အင်မ တန်ကျွမ်းကျင်ပါတယ်၊ ပိဋကတ်တော်တွေကို Edit လုပ်နိုင်တဲ့ဆရာတော်ကြီးပါ။
သို့သော်လည်း ဒီနေ့အထိ ဒီဘက် ခေတ်မှာ မရေးနိုင်ခဲ့ဘူး၊ အင်္ဂလိပ်လိုတော့ရေးပါတယ်၊ ဘုန်းကြီးလည်းရေးသင့်တယ်ထင်လို့ပါ၊ အခုအသုံးကျ တာ မကျတာထက် နောင်သမိုင်းမှတ်တိုင်အတွက်
ပါဠိပညာကိုလေ့လာမယ် ဆိုရင် ဒီခေတ်မှာပါဠိတတ်တဲ့ပုဂ္ဂိုလ်မရှိဘူး
လို့ကောက်ချက်ဆွဲသွားမှာ ပြန်တွေးကြည့်မိလို့ပါ။
နောက်တစ်ခုက လိုင်းပြောင်းသွားတယ်ပြောရမလားပဲ၊
နဂိုကတော့ Traditional Education နဲ့သွားနေတာပါ၊ နိုင်ငံခြားသားတွေကို ဟောရပြောရတယ်ဆိုတော့
အင်္ဂလိပ်စာနဲ့ အဟောအပြောများလာတယ်၊ လောလောဆယ် ရည်ရွယ်ထားတာက Center for Buddhist
Studies ဆိုတာသေးသေးလေးပါ၊ တက္ကသိုလ်အဆင့်မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာကိုလေ့လာတဲ့ဋ္ဌာနတစ်ခုလုပ်ပြီး
ဓမ္မအဆီအနှစ်တွေကို စာမဖတ်အားသူတွေအတွက် Booklet တွေရေးပြီး ထုတ်မလို့စီစဉ်နေပါတယ်၊
“Live for Knowledge of Dhamma” “ဓမ္မအတွက် အသက်ရှင်နေပါ” ဆိုတဲ့ Motto ပေါ့။ ဘုန်းကြီးရဲ့
ပရိယတ္တိနဲ့ ပက်သက်လို့က ဒီလောက်ပါဘဲ။
ကျော်။ ။ တပည့်တော်များနှင့်တကွ အားလုံးအတွက် သြ၀ါဒဓမ္မလက်ဆောင်ကိုလည်း
နာယူပြီးကျင့်သုံးချင်ပါတယ် ဘုရား၊ ချီးမြှင့်ပါအုံးဘုရား။
ထိုအခါ ဆရာတော်ကြီးသည်
အသင့်ရိုက်နှိပ်ထားသည့် “ဘ၀တန်ဖိုး အရယူ” ဟူသည့်သြ၀ါဒစာရွက်ကို စွန့်လိုက် ပါသည်။
(အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတကာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (P hD) နှင့် စာရေးဆရာ ကျော်နန္ဒအောင် တို့ စစ်ကိုင်းတောင်ရိုး၊
မဟာသုဗောဓာရုံ ကျောင်း တိုက် အတွင်း ညဦးယံအချိန်တွင် မေးမြန်းဖြေဆိုကြသော စကားများကို
ပြန်လည် မျှဝေပါသည်။
Typed by- အရှင်သုနန္ဒာလင်္ကာရ
M.A (ပန်းကမ္ဘာ)
Date.
24.Aug.2013
စာရေးသူအမြင်။ ။ မကြာသေးခင် တစ်ချိန်ကတော့ စာရေးသူလည်း သံဃာတော်များ
ပညာရေးကို ခေတ်နှင့် လျှော်ညီစွာ ပြောင်းလဲသင့်နေပြီ၊ မြန်မာသံဃာတော်များသည် ကမ္ဘာ့အလယ်တွင်နောက်ကျကျန်နေခဲ့ပြီဟု
ထင်မြင် နေမိ သည်။ ယခုလို တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့်နိုင်ငံပေါင်းစုံသို့ကြွကာ သာသနာပြုနေသော၊
ကိုယ်တိုင် အတွေ့အကြုံဖြင့် မိန့်ကြားသော ဆရာတော်ကြီး၏ အမြင်များ၊ ယူဆချက်များကို သိရပါမှ
အမြင်မှန်ရမိတော့သည်။ အဘယ့်ကြောင့်ဆိုသော်
ခရီးမှ ပြန်လာခဲ့သူသည် ခရီးလမ်းအကြောင်းကို ပိုမိုသိနိုင်သောကြောင့်ပင်။
0 comments:
Post a Comment